လပွတ္တာ မေ ၉
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း(လပွတ္တာ) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာ စကားပြောကြားရာတွင် ယခုလိုအိမ်တွင်းမှုသင်တန်းကျောင်းများကို နိုင်ငံနဲ့အဝှမ်း မြေပြန့်ဒေသ အပါအဝင် သင်တန်းကျောင်း(၄၆)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူကြမဲ့သင်တန်းသူများအနေနဲ့ ပညာသင်ကြားစဉ်မှာအချိန်ကို အကျိုးရှိရှိ အသုံးချကြပါ၊ သင်တန်းသူညီမတွေအချင်းချင်းကြား စည်းလုံးညီညွတ်မှုရှိစွာ ကူညီရိုင်းပင်းကြပြီး သင်တန်းက သတ်မှတ်ပေးတဲ့စည်းကမ်းတွေကို လိုက်နာကြပါ၊ သင်ကြားပေးသော သင်ခန်းစာများကို ကြိုးကြိုးစားစား သင်ယူကြပါရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းကျောင်းမှာ ပြသထားသောသင်ထောက်ကူပစ္စည်းများကို ကြည့်ရှုခဲ့ကြပြီး သင်တန်းသူ (၃၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၂၂)ပတ်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည်။
လပွတ္တာခရိုင် ပြန်/ဆက်