ပန်ဆိုင်း စက်တင်ဘာလ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောက်လုပ် လျက်ရှိသည့် ပေ(၁၄၀×၃၀)ရှိ(RC)နှစ်ထပ်တိုက် ကျောင်းဆောင်သစ်ဆောက်လုပ်မှုသည် (၇၅)ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ဿည်။
အဆိုပါစာသင်ဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်းကို (၂၈-၁-၂၀၂၀)ရက်နေ့မှ စတင် ဆောက်လုပ်ခဲ့ရာ ကိုဗစ်-၁၉ရောဂါအခြေအနေကြောင့် ခတ္တရပ်နားခဲ့ပြီး (၃-၆-၂၀၂၀) ရက်နေ့မှစတင်၍ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်သည်။ စာသင်ကျောင်းဆောင်အသစ် ဆောက်လုပ်ရေးလုပ်ငန်းများကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် (TimeLess Myanmar) ကုမ္ပဏီမှ သိန်း စတင်တာဝန်ယူဆောက်လုပ်ပြီး နိုင်ငံတော်မှ ငွေလုံးငွေရင်းလျာထားချက်ဖြင့် ဆောင်လုပ်ခြင်းဖြစ်သည်။
“ကျောင်းစာသင်ဆောင်သစ်ဆောက်လုပ်တာကြောင့် ကျောင်းဉပဓိရုပ်ကောင်းမွန်လာပါတယ်၊ ဌာနကတစ်ဆင့် ကျောင်းသူ/ သားတွေအတွက် စာသင်ခုံတွေ ဖြည့်တင်းပေးလာပြီး စာသင်ခန်း၊ စာသင်ခုံအခက်အခဲတွေ တော်တော်အဆင်ပြေမှုတွေ ရှိလာမယ်”လို့ အထက၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျောင်းအုပ် ဆရာမကြီးဒေါ်နန်းလှထွန်းက ပြောကြားသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကျောင်းများဖွင့်လှစ်ရာတွင် စာသင်ခန်းလုံလောက်မှုမရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများကို (၂)သုတ်ခွဲ၍ ကျောင်းတက်ရေက်စေပြီး စာသင်ကျောင်းဆောင်သစ် ပြီးစီးပါက ကျောင်းသူ/ သားများအတွက် စာသင်ခန်းများလုံလောက်မှုရှိလာမည်ဖြစ်သည်။ စာသင်ကျောင်းဆောင် အသစ်၏ အပေါ်ထပ်တွင် စာသင်ခန်း(၄) ခန်းနှင့် အောက်ထပ်တွင် စာသင်ခန်း(၄)ခန်းတို့ဖြင့် ဖွဲ့စည်း ထားပြီး သိန်းပေါင်း(၂၁၀၀)ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင် (ပြန်/ဆက်)