ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

စစ်တွေ မေ ၉

ကိုဗစ်-၁၉ ကာလအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ စိတ်ရောကိုယ်ပါ စေတနာသန့်သန့်ဖြင့် ပြည်သူ့ အကျိုးပြု ဆောင်ရွက်ခဲ့ကြသော ရခိုင်ပြည်နယ်ဒေသအသီးသီးမှ  စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုအချိန်တွင် မိမိတို့ တွေ့ကြုံခံစားခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါ အိမ်မက်ဆိုးကြီးမှ နိုးထခဲ့ပြီဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ်အတွင်းမှာ ကျရောက်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းတွင် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် မြို့နယ်(၆)မြို့နယ်၌ ကူးစက်ခံရသည့် လူနာ (၁၆) ဦးရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ပါကြောင်း၊ ဒုတိယလှိုင်းတွင်  ပြည်နယ်တစ်ခုလုံး ၄၂၀ ဦး ကူးစက်ခံခဲ့ရပြီး သေဆုံးသူ (၃၉) ရှိခဲ့ကြောင်း၊  တတိယလှိုင်းမှာလည်း  အခြားဒေသများနည်းတူ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူလူနာ ၅၂၄၅ ဦးရှိကာ သေဆုံးသူ ၅၀၁ ဦးရှိခဲ့ပါကြောင်း၊ စတုတ္ထလှိုင်းသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး ယနေ့အထိ ဖြစ်ပွားနေသော်လည်း ရခိုင်ပြည်နယ်တွင် ရောဂါပြင်းထန်မှု၊ သေဆုံးမှုမရှိသေးပါကြောင်း၊ ကူးစက်ခံရသူ ၈၇၉ ဦးရှိသော်လည်း  ဧပြီလ ၂ ရက်နေ့ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ ရောဂါဖြစ်ပွားသူ ထပ်မံမတွေ့ရဟု သိရပါကြောင်း၊ ယခုကဲ့သို့ ကူးစက်မှု အတိုင်းအတာတစ်ခုအထိ လျော့ကျခဲ့ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ တပ်မတော် အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှု၊ ပြည်သူလူထုက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို စနစ်တကျလိုက်နာမှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားနှီးနွယ်သော ဌာနဆိုင်ရာဝန်ထမ်းများ ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ လူမှုရေးအသင်းအဖွဲ့အသီးသီးမှ စေတနာဝန်ထမ်း volunteer များ၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ယခုကဲ့သို့ အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရှေ့တန်းက တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများကို ရောက်ခဲ့သော မြို့နယ်များတွင် အချိန်ရလျင်ရသကဲ့သို့ ဂုဏ်ပြုပွဲများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယနေ့တွင် ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့အစိုးရအဖွဲ့နှင့်အတူ လက်တွဲပြီး  ပြည်သူများ အသက်ဆုံးရှုံးမှုမရှိ စေရေးအတွက်  ရောဂါခံစားနေသူ လူနာများကိုလည်းကောင်း၊ သေဆုံးသူ အချို့ကိုလည်းကောင်း၊ ရောဂါကူးစက်မှုခံရနိုင်ဖွယ်ရှိသည့် သံသယလူနာများကိုလည်းကောင်း၊ စိတ်ရော ကိုယ်ပါ စေတနာ သန့်သန့်ဖြင့် အချိန်ပေး ဝိုင်းဝန်းကြိုးစားကူညီပေးခဲ့ကြသော ရခိုင်ပြည်နယ်ဒေသအသီးသီးမှ လူမှုရေး အဖွဲ့ဝင် စေတနာ့ဝန်ထမ်းများကို ပြည်နယ်သူ၊ ပြည်နယ်သားများကိုယ်စား မိမိတို့အစိုးရအဖွဲ့က အထူးကျေးဇူးတင်ဂုဏ်ပြုပါကြောင်း လှိုက်လှိုက်လှဲလှဲ လေးလေးနက်နက် ပြောကြားလိုပါကြောင်း၊ စေတနာ့ ဝန်ထမ်း၊ Volunteer များသည် မိမိတို့ကိုယ်တိုင်လူမှုရေးအသိစိတ်အပြည့်နှင့် လူမျိုးမရွေး ဘာသာမရွေး ကူညီဆောင်ရွက်ပေးနေခြင်းကိုက နိုင်ငံသားကောင်းတစ်ဦး ပီသကြောင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းပေါင်း (၈၈)ဖွဲ့နှင့် အဖွဲ့ဝင် Volunteer အသင်းသားအင်အား (၁၂၃၄)ဦးရှိသည်ဟု သိရပါကြောင်း၊ ယခုဆောင်ရွက်နေသည့် ကိုဗစ်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းမှာလည်း သတ်မှတ်ကာလအတွင်းမှာ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံရေးအတွက် စေတနာရှင် Volunteer များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နိုင်ငံသားကောင်း ပီသစွာဖြင့်  မိမိရပ်ကွက်၊ ကျေးရွာအကျိုး၊ ပြည်သူလူထုနှင့် နိုင်ငံတော်အကျိုးများကို စေတနာသန့်သန့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းမှုအား နိုင်ငံတော်အနေဖြင့် တန်ဖိုးထားအသိအမှတ်ပြုသောအားဖြင့်  ဂုဏ်ပြု မှတ်တမ်းတင်ထားခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ရပ်ရွာ ဒေသအတွင်းမှာ ယခုကဲ့သို့စေတနာ့ဝန်ထမ်း Volunteer များ ပိုမိုတိုးပွား များပြားလာသည်နှင့်အမျှ နိုင်ငံတော်နှင့်ပြည်သူလူ၏ လူမှုစီးပွားဘဝသည်လည်း ပိုမိုတိုးတက် ဖွံ့ဖြိုးလာမည် ဖြစ်သည့်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုနှင့်အတူ စေတနာ့ဝန်ထမ်းများအနေဖြင့်လည်း မိမိဒေသ၊ မိမိတို့နိုင်ငံပိုမိုငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးပါဟု ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် မောင်တောခရိုင်တို့မှ စေတနာ့ ဝန်ထမ်းများအားလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့မှ စေတနာ့ဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် စစ်တွေမြို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စေနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)