ဒေးဒရဲ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာအုပ်စု၊ တော်ကမယ်ကျေးရွာတွင် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက နေကြာသီးနှံစိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးချိန်နှင့် အပင်ပြုစုစိုက်ပျိုးနည်းစနစ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက နေကြာသီးနှံတိုးချဲ့စိုက်ပျိုးခြင်း စီမံကိန်း၏ ရည်ရွယ်ချက်များနှင့် မြေနေရာရွေးချယ်ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တော်ကမယ်ကျေးရွာရှိ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေဒေးသူ