မုဒုံ မေ ၉
မုဒုံမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးကျင်းပသော နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာ စာမေးပွဲကို မေလ ၇ ရက် မွန်းလွဲပိုင်းက မုဒုံမြို့နယ် တိုက်နယ်စာဖြေဌာနများတွင် ကျင်းပသည်။
မွန်စာပေနှင့် ယဉ်ကျေးမှုဗုဒ္ဓဘာသာ သင်တန်းကို မတ်လ ၂၁ ရက်မှ မေလ ၇ ရက် နေ့အထိ သင်ကြားပို့ချကြောင်း၊ မေလ ၇ ရက်တွင် တိုက်နယ်အဆင့် စာမေးပွဲ ကျင်းပပြီး မေလ ၁၀ ရက်တွင် မြို့နယ်အဆင့် စာမေးပွဲ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲနှင့် သင်တန်း ဆင်းပွဲ အခမ်းအနားကို မေလ ၁၂ ရက်တွင် မုဒုံမြို့နယ် တောင်ပကျေးရွာတွင် ကျင်းပရန်စီစဉ်ထားကြောင်း၊ နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာသင်တန်းကို ဆရာ၊ ဆရာမ (၄၃၇)ဦးဖြင့် သင်ကြားပို့ချရာ မွန်ကျောင်းသား ကျောင်းသူ (၁၀၅၅၃) ဦး တက်ရောက်ကြောင်းသိရသည်။
မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် နှစ်တိုင်း နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)