မုံရွာ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော် မုံရွာမြို့ သန့်ရှင်းသာယာလှပရေး တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ မေလ (၇)ရက်စနေနေ့ နံနက်(၈)နာရီက မုံရွာမြို့ ကန်သာယာကြီးရှိ ရာပြည့်ဘုရားနှင့် ကန်သာယာကန်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေခြင်း လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အများပြည်သူများ အပန်းဖြေအနားယူရန် တည်ဆောက်ထားသော ကန်သာယာကန်ကြီးနှင့် ပတ်ဝန်းကျင်သာယာလှပရေး၊ စိတ်အေးချမ်းသာစွာဖြင့် ပြည်သူများ လာရောက် အပန်းဖြေ နိုင်ရေး ကန်သာယာကန်ကြီးနှင့် ရာပြည့်ဘုရားကျွန်းတို့အား စုပေါင်းသန့်ရှင်းရေးကို လုပ်ဆောင်ပေးခြင်းဖြစ်သည်။
‘‘ဒီကန်ကြီးကို ပြည်သူတွေလာရောက် အပန်းဖြေဖို့ တည်ဆောက်ပေးထားတာဖြစ်တဲ့အတွက် ကန်ကြီးရေရှည်တည်တံ့ဖို့၊ လာရောက်အပန်းဖြေတဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူ နိုင်ဖို့၊ အမှိုက်တွေရှင်းလင်းတယ်၊ ခြုံနွယ်တွေ ခုတ်ထွင်ရှင်းလင်းတာတွေကို စုပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်’’ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။
စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ (၃၅ဝ)ဦးခန့် ဝင်ရောက်လုပ်အားပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကြည့်ရှုအားပေးခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ရေသန့်ဗူးများနှင့် နံနက်စာ အကြော်၊ ကောက်ညှင်း၊ လက်ဖက်ရည် တို့ဖြင့် စုပေါင်းသန့်ကှင်းရေးဆောင်ရွက်သူများကို ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်