ကျိုက်မရော၌ မိုးရာသီ ကြက်မောက်သီးများ လှိုင်လှိုင်ထွက်၍ စျေးကောင်းရရန် မျှော်လင့်

ကျိုက်မရော မေ ၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးပုံမှန်ရွာပြီး မိုးရာသီ ကြက်မောက်သီးများ လှိုင်လှိုင် ထွက်ရှိနေပြီး ဖြစ်ရာစီးပွားဖြစ် စိုက်ပျိူးသူ ခြံရှင်များ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ကြက်မောက်သီး အမျိုးအစားတွင် ယိုးဒယားကိုင်းဆက်မျိုးနှင့် မြန်မာမျိုးဟူ၍ အသီးနှစ်မျိုးရှိရာ ယခုနှစ်တွင် ယိုးဒယားကိုင်းဆက်သီးကို စီးပွားဖြစ်စိုက်ပျိုးလာကြသူ များလာကြောင်း သိရသည်။

ယိုးဒယားကြက်မောက်သီးမျိုးမှာ အလုံးကြီးပြီးအခွံကျွပ်ကာ စားရတဲ့အရသာမှာလည်း အလွန် ချိုသဖြင့် စားသုံးသူများက ယိုးဒယားမျိုးကို ပို၍ဝယ်ယူစားသုံးလာကြသဖြင့် ယိုးဒယား ကိုင်းဆက်မျိုးကို စီးပွာဖြစ် ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

ယခုချိန်တွင် ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာထွက် ယိုးဒယားကြက်မောက်သီးများ စတင် ထွက်ရှိနေပြီး စျေးကွက်ဝင် သီးနှံဖြစ်သော ကြက်မောက်သီးများကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်စသည့် မြို့ကြီးများသို့ ပို့ဆောင်ပေးရန် တောင်သူများ ကြိုတင်ပြင်ဆင်လျက် ရှိနေပြီး ပေါ်ဦးပေါ်ဖျား အသီးဖြစ်၍ ယခင်နှစ်များက ထက်စျေးကောင်းရရှိရန် မျော်လင့်နေကြောင်း ယခင်နှစ်ကတော့ ကြက်မောက်သီးတစ်ရာကို ခုနှစ်ထောင်ကျပ်မှ ရှစ်ထောင်ကျပ်ထိရရှိပြီး ယခုနှစ်တွင်လည်း ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် ခြံရှင်များ မျှော်လင့်နေကြောင်း နတ်စမ်းရွာမှ ကြက်မောက်သီးစီးပွားဖြစ် စိုက်ပျိုးရောင်းချသူ ဦးစောဦးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)