မိုင်းကိုင် မေ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစကား ပရဟိတအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နွေရာသီကာလအတွင်း ဖွင့်လှစ်ခဲ့သည့် ရှမ်းရိုးရာသိုင်း၊ ကိန္နရာအကနှင့် ရှမ်းခေါင်းပေါင်း နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းသိန်းအောင်က သင်တန်းအတွေ့အကြုံများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြီးနောက်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုက ဓားသိုင်းအကဖြင့် သင်တန်းဂုဏ်ပြုကပြခြင်း၊ သင်တန်းဆရာ ဦးစိုင်းစွမ်ခမ်းက ရှမ်းရိုးရာ ခေါင်းပေါင်းခြင်း၏ ဓလေ့ထုံးစံများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းသားသင်တန်းသူ လူငယ်လူရွယ်များက ရှမ်းရိုးရာ အခြေခံသိုင်း ကကွက်များ၊ တုတ်သိုင်း၊ ဓားသိုင်း၊ ကိန္နရာအကနှင့် ရှမ်းရိုးရာခေါင်းပေါင်းခြင်း သင်ယူတတ်မြှောက်မှု စွမ်းရည်များကို ပြသခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးအောင်မြတ်သွင်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းသိန်းအောင်တို့က သင်တန်းကာလတလျှောက် သင်ကြားပို့ချပေးခဲ့သော သင်တန်းဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ သင်တန်းသား/သူ ၁၅၀ ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်