မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၏ ( ၆၂ ) ကြိမ်မြောက်  စာဖတ်ဝိုင်း ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

မုံရွာ  မေ ၇

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းမှ ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)၏  (၆၂)ကြိမ်မြောက်  စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ရာ   Book Club အဖွဲ့ဝင်များ၊ စာရေးဆရာ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာ  မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ( Book Club ) နာယက ဆရာကြီးနေမင်းသန်းက (၆၂ )ကြိမ်မြောက်  စာဖတ်ဝိုင်း ကျင်းပရခြင်းနှင့်အတူ Book Club  အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ အပတ်စဉ် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးပြောကြားပြီးနောက် စာရေးဆရာ  ရွှေရည်စိုးက  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလထုတ် စာပေဘဏ်တိုက်မဂ္ဂဇင်းနှင့် ပတ်သက်၍ မဂ္ဂဇင်း ထုတ်‌ဝေဖြန့်ချိမှုအပိုင်း၊ စာမူများ လက်ခံရရှိခဲ့မှု အခြေအနေနှင့် ရေးသားပေးပို့ထား ကြသည့်  စာနယ်ဇင်း ကလောင်ရှင်များ၏ စာမူများ ထည့်သွင်းဖော်ပြထားမှု အခြေအနေတို့ကို မိတ်ဆက်ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များက   စာပေဘဏ်တိုက်မဂ္ဂဇင်းပါ  ကဗျာ၊ ဝတ္တုတို အက်ဆေးနှင့် ဆောင်းပါးတို့ကို တစ်ဦးချင်း ဆွေးနွေးခဲ့ကြရာ အဆိုပါစာအုပ်၏ ကဗျာအနှစ်သာရ၊ စာအနှစ်သာရများနှင့် စာပေဆိုင်ရာ အချက်အလက်များအပေါ်  မိမိတို့၏ သဘောထား အမြင်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာမြို့နယ် စာအုပ်စာ‌စောင် ချစ်မြတ်နိုးသူများအသင်း BOOK CLUB အနေဖြင့် ရက်သတ္တ ၂ ပတ်လျှင် တစ်ကြိမ် စနေ နေ့တိုင်း စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ ၆၃ ကြိမ်မြောက် စာဖတ်ဝိုင်းတွင် စာရေးဆရာ နေမင်းသန်း ရေးသားသည့် ဘဝတွက်တာ အရေးပါ ကဗျာသံပေါက်များ စာအုပ်ဖြင့်  စာဖတ်ဝိုင်းများ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

ခရိုင်(ပြန်/ဆက်)