ပြည်နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး  အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်

မော်လမြိုင် မေ ၇

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာမှူးများနှင့် အထက်တန်း/ အလယ်တန်း ကျောင်းအုပ်ကြီး များ၏ ပြည်နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခန့်က မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ‌ဆောင်၌ကျင်းပခဲ့သည်။

ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ယနေ့ အလုပ်ရုံဆွေးနွေးပွဲသည် ပြည်နယ် အဆင့်ဖြစ်ပြီး မြို့နယ်အဆင့်ကို ထပ်ဆင့်ပြန်လည်ပို့ချရမည် ဖြစ်သည့်အတွက် ပို၍တာဝန်ကြီးပါကြောင်း၊ ဗဟိုအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ပြည်နယ်/ခရိုင်ပညာရေးမှူးများ၏ ပို့ချဆွေးနွေးချက်များကို သေချာစွာမှတ်သားနာယူပြီး လက်တွေ့ နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်မှသာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း၊ မိမိတို့၏ အသိအမြင်၊ အတွေ့အကြုံ နှင့်ထပ်မံပေါင်းစပ်သည့်အလုပ်ရုံဆွေးနွေးပွဲ ဖြစ်သည် နှင့်အညီ ဒေသအတွက် အကျိုးရှိစေရေး ပူးပေါင်းပါဝင်ဆွေးနွေးကြစေလိုကြောင်း၊  လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ စစ်မှန်တဲ့မျိုးချစ်စိတ်ဓါတ်၊ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ စိတ်‌များ မွေးမြူကြဖို့၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်‌ရေးနှင့် ပညာရည် မြင့်မား‌ရေးအတွက်ဝိုင်း၀န်း‌ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းသို့ရောက်ရှိပျော်ရွှင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော တပည့်ကောင်းများ ပေါ်ထွန်းလာရေး၊ သင်ကြားရေးကဏ္ဍတွင် ကြီးကြပ် ကူညီ ဆောင်ရွက်ပေးကြရန်တိုက်တွန်း လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးများအပါအဝင် အထက်တန်းကျောင်းအုပ်နှင့် အလယ်တန်းကျောင်းအုပ်များ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြပြီး ဗဟိုအဆင့် တက်ရောက် ခဲ့ကြသော ပြည်နယ်၊ ခရိုင်ပညာရေးမှူးများက စီမံ၊ ဘဏ္ဍာ၊ ပညာဘာသာရပ်များကို မေလ ၇ ရက်နေ့မှ ၈ ရက်နေ့ထိ အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်