ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ မေ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေများဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဒေသခံကျေးလက်နေပြည်သူများ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စီမံကိန်း၏ ရည်မှန်းချက်၊ မူဘောင်များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် သွားရန်နှင့် စီမံကိန်းချေးငွေများကို လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး အကျိုးရှိစွာ စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ခုံစုကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်ထားရှိသော လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံ မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။   ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ရည်ရွယ်၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးပွားစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေး ၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်စေခဲ့ရာ ယခုနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးအရင်း ငွေကျပ် ၅၂ ဒသမ ၁၅ သန်း ရရှိနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )