ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာ (အခမဲ့)သင်တန်း (၁/၂၀၂၂)ဖွင့်လှစ်

ငါးသိုင်းချောင်း မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ၂၀၂၂ခုနှစ် ယနေ့ နံနက် ပိုင်းက အခြေခံကွန်ပျူတာ(အခမဲ့)သင်တန်း(၁/၂၀၂၂) စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးခင်ညွန့်၊ မြို့ပြန်/ဆက်ဦးစီးမှူးဒေါ်နှင်းယုဝေနှင့် (Club)အဖွဲ့‌များခေါင်းဆောင် ဦးအောင်စိုးမြင့်တို့က သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ သင်တန်းကို မေလ ၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းကာလရက်(၂၀)ကြာ အခြေခံကွန်ပျူတာပညာရပ်များကို (အခမဲ့) သင်ကြား‌ပို့ချသွားမည်ဖြစ်ရာ ငါးသိုင်းချောင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဒေသခံ လူငယ်သင် တန်းသား၊ သင်တန်းသူ (၁၅)ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ လူထုအခြေပြုဗဟိုဌာနရှိ ကွန်ပျူတာသင်တန်းခန်းမ၌ အခြေခံ ကွန်ပျူတာ ပညာရပ်များကို သင်တန်းနည်းပြဦးကျော်သူစိုး (KMD-Multimedia & Graphic design)၊ ဒေါ်ခင်ခင်ချို(KMD-Multimedia)တို့က (အခမဲ့)ပညာဒါနသင်ကြားပို့ချပေးလျက်ရှိရာ သင်တန်း သား၊ သင်တန်းသူ ဒေသခံလူငယ်(၁၅)ဦး စုံညီစွာတက်ရောက် လေ့လာသင်ကြား လျက်ရှိ ကြောင်းသိရှိရပြီး အဆိုပါသင်တန်းဖွင့်ပွဲနှင့် သင်တန်းအစီအစဉ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club, Youth Club, Women Club)အဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်ဒေသခံပြည်သူများပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒေသခံလူငယ်များ ကာယ၊ ညာဏစွမ်းရည်ဖွံဖြိုးတိုးတက်လာစေရန်နှင့် အသိပညာ၊ အတတ်ပညာဗဟုသုတများ အလွယ်တစ်ကူ အဆင်ပြေချောမွေ့စွာရှာဖွေ၊ လေ့ကျင့်ဆောင်ရွက်နိုင်စေရန်၊ တိုးတက် ပြောင်းလဲလျက်ရှိသော ခေတ်စနစ်နှင့်အညီ မဖြစ်မနေတတ်မြောက်ထားသင့်သည့် အတတ် ပညာရပ်တစ်ရပ်အနေဖြင့် တတ်မြောက်ထားရှိစေရန် ယခုကဲ့သို့ ပူးပေါင်းစီစဉ် ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူးဒေါ်နှင်းယုဝေက ပြောကြား ထားကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)