အလုံ မေ ၇
မေလ ၈ ရက်နေ့တွင်ကျရောင်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီအသင်းအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက ဆွေးနွေးပွဲ( Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက်ဆွေးနွေးပွဲကိုဆောင်ရွက်ရာ အလုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်စုမှူး ဦးသန်းဝင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ ကြက်ခြေနီ အသင်း၏ ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးမှုများနှင့် ပြည်သူများ ပါပေါင်းပါဝင်စေလို သည်များ စသည့်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို အလုံမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်တင်ချို (ပြန်/ဆက်)