မတ္တရာ မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂ဝ၂၁ခုနှစ် ပါဠိပထမ ပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များ အောင်လက်မှတ်များ ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မတ္တရာမြို့နယ် အောင်မြေသုခ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ကျောက်တံတား ရေနားကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ ထံမှ(၅)ပါး သီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ဘုရားကြီးမှ ဩဝါဒကထာ ချီးမြှင့် ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ပြီး၊ ဓမ္မာစရိယ ကျမ်းပြီး (၆) ပါး၊ ပထမကြီးတန်းအောင် (၂) ပါး၊ ပထမလတ်တန်းအောင် (၅) ပါး၊ ပထမငယ်တန်းအောင် (၄)ပါးနှင့် အခြေပြုမူလတန်းအောင်(၁၈)ပါး စုစုပေါင်း ရဟန်း/ သာမဏ(၃၅) ပါးတို့အား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အောင်ကံသာကျောင်းတိုက်မှ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသောဘဏမှ ရေစက်ချတရားဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့သည်။
၂၀၂၂ခုနှစ် ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၌ ရဟန်းရှင်(၃၃)ပါး၊ ပထမလတ် တန်း ရဟန်းရှင် (၂၆)ပါး၊ ပထမငယ်တန်းတွင် ရဟန်းရှင်(၅၀)ပါး၊ အခြေပြုမူလတန်းတွင် ရဟန်းရှင်(၅၆)ပါးနှင့် သီလရှင်(၁)ပါး စုစုပေါင်း (၁၆၆) ပါး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)