စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်  တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၃/၂၀၂၂တက်ရောက်

စစ်ကိုင်း မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂)ကို  ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ၌ရှိမှုမှာများစွာ လျော့ကျသွားပြီး စစ်ဆေးမှု၏ ဒသမ ၅ ရာခိုင်နှုန်းအောက်သာ တွေ့ရှိတော့သော်လည်း ရောဂါကူးစက်မှုမရှိစေရေးအတွက် အဓိကကျသည့် လူတိုင်းစေ့ ကာကွယ်ဆေးထိုးနှံပြီးစီးရေးကို အရှိန်မြှင့်ကာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် ဆေးထိုးနှံပြီးစီးမှုမှာ ရာနှုန်းပြည့် ထိုးနှံပြီးမှုရှိသကဲ့သို့ ၅၀% အထက်သာ ထိုးနှံပြီးစီးသည့်မြို့နယ်များလည်း ရှိနေသေးပါ၍   ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများ အနေ ဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများအား ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကိုလည်း ဆေးများလာရောက်ထိုးနှံလာအောင် စည်းရုံးဆောင် ရွက်ကြရန်နှင့် ဆေးထိုးနှံပြီးစီးရေးအတွက် တွန်းတွန်းတိုက်တိုက်‌ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုစာရင်းနှင့် ကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရေးကိုလည်း ပူးပေါင်းဆောင်ရွက်ကြတဲ့ တာဝန်ရှိသူများအနေနဲ့ အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကာကွယ် ဆေးထိုးနှံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း  ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု၊ ကာကွယ်ဆေး ရောက်ရှိမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေး ရေးစခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ သတ်မှတ်ကာလအတွင်း ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံး ချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။