ရေနံချောင်း မေ ၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ နည်ပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က မိမိတို့တက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများနှင့်အတူ အသစ်ရောက်ရှိလာသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ် ၂၄ ဦးအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ တက္ကသိုလ်ဆရာ ဆရာမဘဝ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ယနေ့မှစ၍ တက္ကသိုလ်မှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ကြရမှာဖြစ်ကြောင်း၊ ဆရာသည် ကျောင်းသား၊ ကျောင်းသူများ၏ စံပြဖြစ်သည့်အတွက် ဆရာ၊ ဆရာမတစ်ဦးတွင် ထားရှိရမည့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ကျင့်ဝတ်များကို ထိန်းသိမ်း လိုက်နာ ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အရည်အချင်းပြည့်မီစေရန် သင်ကြား ပြသမှုနှင့်ပတ်သက်၍ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်အောင် အစဉ်တစိုက်လေ့လာကြ စေလိုကြောင်းစသဖြင့် ကြိုဆိုနှုတ်ခွန်း ဆက်အမှာစကားပြောကြားသည်။
ထို့နောက် တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေးက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များနှင့် သင်တန်းရေးရာဌာနမှူး၊ စီမံဘဏ္ဍာဌာနမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို အကျဉ်းချုပ် မိတ်ဆက် ရှင်းလင်းကြသည်။
ကြိုဆိုပွဲအခမ်းအနားသို့ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် နည်ပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်