မြောင်းမြ မေ ၆
မြောင်းမြမြို့နယ်အတွင်းရှိ အသက်(၁)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြောင်းမြခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ရာတွင် အသက်(၁)နှစ်အောက်ကလေးငယ်များအား အသက်အရွယ်အလိုက်အသည်းရောင်၊ အသားဝါဘီ၊ ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ဝမ်းပျက် ဝမ်းလျောရောဂါစသည့်(၅)မျိုးစပ် ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာများတွင် လည်းသက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းများတွင် နယ်မြေတာဝန်ခံ ဆရာမများက လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။ လစဉ်လဆန်းရက်များတွင် ကာကွယ်ဆေး မထိုးနှံရသေးသည့် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေး ထိုးပေးခြင်းများအပြင် ကာလသားရောဂါပိုးနှင့် ခုခံအားကျဆင်းမှုရောဂါ (AIDS)ရောဂါပိုး ရှိ/မရှိ tast ဖြင့်စစ်ဆေးပေးခဲ့ပြီး ကာကွယ်ဆေး မထိုးနှံရသေးသည့် ကလေးငယ်များကိုလည်း အိမ်တိုင်ယာရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြောင်းမြမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာထံမှသိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)