ရွှေတောင်မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က ရွှေတောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာ စကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက စီမံခန့်ခွဲမှု စွမ်းဆောင် ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။
အဆိုပါ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မား ရေးအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာ ရေးမှူး ဦးကျော်ဦးနှင့် အ.ထ.က ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး(၄)ဦးတို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှအထက်တန်းကျောင်းအုပ်(၅)ဦး၊ အထက (ခွဲ)နှင့် အလယ်တန်းကျောင်းအုပ် (၁၄)ဦးနှင့် မူလတန်းကျောင်းအုပ် (၁၅၆)ဦး၊ စုစုပေါင်း(၁၇၅)ဦးအား စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ များစသည့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားဘာသာရပ်များကို နေ့စဉ်နံနက်၉ နာရီမှ ညနေ ၄ နာရီအထိ၊မေလ ၅ ရက်မှ ၆ ရက်နေ့အထိ (၂)ရက်တာ ဆွေးနွေး ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း