သနပ်ပင် မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မေလ(၇)ရက်နေ့တွင်ကျင်းပမည့် ပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုရန် ကြိုတင် ပြင်ဆင်မှုများကို မြို့မပရိယတ္တိ စာသင်တိုက် ရတနာဃာရဝိဟာရ အဆောင်၌ ယနေ့ မွန်းလွဲပိုင်းက စတင်ပြီး ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုမည့်နေရာဆောင်ရွက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ သာသနာရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် စေတနာရှင်များက စုပေါင်း၍ (၇.၅.၂၀၂၂)ရက်နေ့တွင် စာမေးပွဲ ဖြေဆို ကြမည့် သံဃာတော်များအတွက် ကော်ဇောများခင်းခြင်း၊ စာမေးပွဲဖြေဆိုရန် စားပွဲများခင်းကျင်းခြင်း၊ ဆွမ်းစားရန် စားပွဲများ ပြင်ဆင် ခြင်း၊ စာမေးပွဲမဖြေခင် နားနေခန်းများ ပြုပြင်ခြင်း၊ အိမ်သာများ၊ သောက်ရေ သုံးရေများ သန့်ရှင်းသန့်ရပ်မှုရှိစေရန် ပြင်ဆင်ခြင်း၊ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ စသည်တို့ကို ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လှမိုး