ပဲခူး မေ ၆
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မိုးပန်းမွန် (ရာမည)ရေးသားထားသည့် “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” စာအုပ်ဖြင့်စာဖတ် ဝိုင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ် မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ မိုးပန်းမွန်(ရာမည)ရေးသားထားသော “ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်”စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို(Book Club) စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်းဝင် ဦးသက်ဖြိုးကြိုင်က “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” ၊ ဒေါ်ကြူကြူမြင့်က “တန်ဖိုးရှိ သောလူ” ၊ ဒေါ်ဖြူဖြူရှိန်က “ လူငယ်နှင့်အချိန်၏တန်ဖိုး”၊ ဒေါ်ဇာဇာလွင်က “နုတ်ဆိုစကား နားချိုစေ”၊ ဦးဟိန်းသူနိုင်က “ဒီမိုကရေစီစတိုင်နှင့် ယဉ်ကျေးမှုမဏ္ဍိုင်”စသည့် အသိပညာပေးဆောင်းပါးအကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပဲခူးမြို့ခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ များကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးခရိုင်၊ ပြန်/ဆက်