ပေါက်ခေါင်းမြို့နယ်၌ ကုန်ထုတ်လုပ်မှုဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြ

ပေါက်ခေါင်း  မေ ၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ၏လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်  မြင့်မားရေးအတွက် နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်ဇော်ဦးနှင့်ဌာနဆိုင်ရာများက ကြိုးကြာကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ် နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီ သည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ရာ  လယ်ယာမြေရေရရှိရေးနှင့်စိုက်ပျိုး‌ ရေပေးဝေမှုအခြေအနေများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် နေဗီယာမြက်စိုက်ပျိုးရေး၊လယ်ယာ‌ မြေအသုံးချမှုနှင့်လယ်ယာ‌ မြေဥပဒေများအကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် ကျန်းမာ‌ရေးဦးစီးဌာနမှလည်း ကိုဗစ်-၁၉ ကာကွယ် ဆေးကို အပြည့်အဝထိုးနှံပေးကြဖို့နှင့် အပူဒဏ်ကာကွယ်ရေးတို့အတွက် အသိပညာ‌ ပေးပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာတောင်သူများကို ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အစားထိုးသုံးစွဲကြရန်နှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းကိုလက်တွေ့သရုပ်ပြ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နည်းပညာပေးသင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)