အထက်မင်းလှ မေ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် အထက (ညောင်ဝိုင်း)၊ အလက (မြောက်မျှားကုန်း)၊ အလကခွဲ(ခါးဇက်)တို့တွင် နှစ်ထပ်ဆောင် ဆောက်လုပ်ခြင်းနှင့် အမက(မင်းကံ)၊ အမက(တလုတ်ပင်ကိုင်း)၊ အလက(ရေကျော်)၊ မူလွန် (သခွတ်ရင်း)တို့တွင် တစ်ထပ်ဆောင် ဆောက်လုပ်ခြင်းဖြစ်ပြီး အဆိုပါ အဆောက်အဦများမှာ ၁၀၀ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်ပညာရေးမှူးက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခြေခံပညာကျောင်းများတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းကို Zest ကုမ္ပဏီက တာဝန် ယူဆောက်လုပ်ခြင်းဖြစ်ပြီး၊ ကျောင်းဆောင်သစ်များဆောက်လုပ်ပြီးစီးမှု အခြေအနေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက တာဝန်ခံဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့် သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေး အလေးထားလိုက်နာဆောင်ရွက်ရန် ပြောကြား ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)