ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်

ပွင့်ဖြူ မေ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူ များနှင့် ကျောင်းနေအရွယ်ကလေးများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်းပြီး အားလပ်ချိန်များတွင် စာပေလေ့လာ ဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မေ ၆ ရက်၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပွင့်သာမြေ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့် (Youth Club)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးများ  စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် စာရေးဆရာ ဒေါက်တာမတင် ဝင်း(ပညာရေးတက္ကသိုလ်)၏ "ရေကြည် ချမ်းမြ" စာအုပ်ဖြင့် မြို့နယ်( Book Club )အဖွဲ့ နာယက ဦးအောင်စန်းမြင့်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်( Book Club )အဖွဲ့မှ စာဖတ်ဝိုင်းဆွေးနွေး ပွဲနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မြို့နယ်( Book Club )အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး က စာရေးဆရာ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)၏ "ရေကြည်ချမ်းမြ"စာအုပ်တွင် ပါဝင်သော သားသမီးများ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဘဝလုံခြုံမှုရှိစေရန်အတွက် မိဘအုပ်ထိန်းသူများ လိုက်နာရမည့်အချက်များ၊ သားသမီး များအပေါ်ထားရှိသော မိဘမေတ္တာနှင့် မိဘကျေးဇူးများအကြောင်း သိကောင်းစရာများ၊ ကလေးငယ်များ ပြုစုပျိုးထောင်ရာတွင် ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးစေရန်အတွက် ပဲ့ပြင်ထိန်းသိမ်းရမည့်နည်းလမ်းများကို ဦးဆောင် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် စာပေ ဝါသနာရှင်များ၊ (Book Club) နှင့် (Youth Club)အဖွဲ့မှ အဖွဲ့ဝင်များက မိမိတို့ ဖတ်ရှု မှတ်သားထားသည့် စာပေသိမှတ်ဖွယ်ရာများကို အပြန်အလှန်ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး (Book Club)အဖွဲ့ဝင်ဦးရေ တိုးပွားရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )