ပွင့်ဖြူမြို့နယ်အတွင်း ဗို့အားပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားခွဲရုံအတွင်းရှိ ထရန် စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ပွင့်ဖြူ မေ ၆

မကွေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး လက်အောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်း ဒေသခံ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေ သည့် ၃၃/ ၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်ရေး ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။

ထိုသို့ မြို့နယ်အတွင်း ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၃၃/ ၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးမှ ဒုတိုင်းအင်/ယာ ဦးအောင်ဇော်ငြိမ်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်အောင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများအဖွဲ့က နေပြည်တော်မှ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးအဖွဲ့နှင့်အတူ ဓာတ်အားခွဲရုံအတွင်း လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း၊  ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ၃၃/ ၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ Tapping ချိန်ညှိခြင်းများ ဆောင်ရွက်ခြင်းနှင့် ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )