ကျောက်ကြီး မေ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု သဲကုန်းကျေးရွာဘက်စုံသုံးခန်းမဆောင်၌ ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် သရုပ်ပြပွဲပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းရီနှင့် ဌာနဝန်ထမ်းများက အိမ်တွင်းမှုလုပ်ငန်းအနေဖြင့် ဆပ်ပြာချက်လုပ်နည်းကို လက်တွေ့သရုပ်ပြလုပ်ဆောင်ခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်နှင့်ဌာနကွင်းဝန်ထမ်းများက ငါးအမိုင်လိုအက်စစ် ရွက်ဖြန်းမြေသြဇာပြုလုပ်ပုံ၊ မျိုးစေ့ဆားရည်စိမ့်ပြုလုပ်ပုံနည်းစနစ်၊ မြေချဉ်တိုင်းတာကိရိယာဖြင့် လက်တွေ့သရုပ်ပြခြင်းဖြင့်လည်းကောင်း၊ မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာစောသထောက ဒေသကြက်စနစ်တကျမွေးမြူးခြင်း၊ ကျွဲနွားခြံလှောင်စနစ်မွေးမြူခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့်ကာကွယ်ဆေး အကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲနှင့်သရုပ်ပြပွဲသို့ တက်ရောက်လာသော ဒေသခံတောင်သူများသိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းခြင်းနှင့် ဦးစီးဌာနအလိုက်ထုတ်ဝေသည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းပြုလုပ်ခဲ့သည်။ အဆိုပါစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် သရုပ်ပြပွဲများကို ကျောက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်