သရက်မြို့၌ လေဘေးသင့်အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ထောက်ပံ့ပေးအပ်

သရက် မေ ၆

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း မေ(၃)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် ကျေးရွာများမှ အိမ်ထောင်စုဝင်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်း တန်ဖိုးငွေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာထွန်း က လေဘေးသင့် အိမ်ထောင်စုများ အား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ ပေးအပ်ရသည့် အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လေဘေးဒဏ်သင့်ခဲ့သည့် ကျေးရွာ (၇) ရွာမှ အိမ်ထောင်စု (၁၂) စုတို့အား တာဝန်ရှိသူများမှ စုစုပေါင်းငွေကျပ်-(၇၈၅၃၀၀/-)ကို လေဘေးသင့်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)