ကျောင်းကုန်းမြို့တွင် ၂၀၂၁ ခုနှစ် စာအောင် သံဃာများအား စူဠဘွဲ့နှင်းသဘင်ကျင်းပ

ကျောင်းကုန်း မေ ၆

၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မြတ်ဗုဒ္ဓ၏ သာသနာတော် (၃)ရပ်အနက် ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အစိုးရပါဠိ ပထမပြန်စာမေးပွဲများ၊ ဓမ္မာစရိယစာမေးပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ကျောင်းကုန်းမြို့နယ်တွင် ယခုနှစ်ဆိုလျှင် (၂၃)ကြိမ်မြောက် ကျင်းပဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း လျှောက်ထားခဲ့ပြီး၊ ၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်တော်မူကြသော ပထမငယ်တန်း၌ (၁)ပါး၊ အခြေပြုမူလတန်း၌ (၁၄)ပါး၊ စုစုပေါင်း (၁၅)ပါးတွင် သာမဏေ (၄)ပါး၊ သီလရှင် (၁)ပါးနှင့် လူပုဂ္ဂိုလ် (၁၀)ဦးတို့အား ဂုဏ်ပြုဆုတော် ငွေကျပ် (၃)သိန်းကျော် လှူဒါန်းခဲ့ပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ စာအောင်သာမဏေများ၊ သီလရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)