ပေါက်ခေါင်းမြို့နယ်တွင် နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ကို ကျေးရွာအ‌ရောက် ကွင်းဆင်းထိုးနှံပေး

ပေါက်ခေါင်း မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက်/ ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ Volunteer များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက် ၉ နာရီအချိန်က ပေါက်ခေါင်း မြို့နယ် အင်ငါးခွကျေးရွာအုပ်စု၊ တာကောက်ကျေးရွာဆေးထိုးစုရပ်တွင် နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး(၃၀)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်အဖြစ် Covishield အမျိုးအစားကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ (၉၂၁၉၅) ဦးရှိပြီး၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၈၆၁၃၆)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ (၇၄၉၈၄)ဦးရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ၁၀၀.၀၇ ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)