မုံရွာ မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ (၇၆)နှစ်မြောက်၊ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်နှင့် အခမ်းအနားသို့ တက်ရောက် လာသူများမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဂုဏ်ပြု တပ်ဖွဲ့မှ အလေးပြုကာ မီးသတ်တပ်ဖွဲ့ဝင်များမှ သစ္စာ(၄) ချက်အား ရွတ်ဆိုကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရှေးမီးသတ်သမားကြီးများနဲ့ မျက်မှောက်ခေတ်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်တဲ့ မီးသတ် လုပ်ငန်းဆိုင်ရာများအား စွမ်းအားပြည့် တာဝန်ထမ်းဆောင်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင် အားလုံးကို ဂုဏ်ပြုလိုခြင်းဆိုတဲ့ အလွန်ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ဖြင့် ယနေ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသား ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး မည်သို့သော အခြေအနေမျိုးတွင်မဆို နိုင်ငံရေး အရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့် ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာတဲ့ အတွက် နိုင်ငံတော်အကြီးအကဲများက မီးသတ်တပ်ဖွဲ့ကို အလေးထားအားကိုးပါကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် လူနေမှုပုံစံ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာမဲ့ မီးဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါကြောင်း၊ ပြည်သူတို့တွေ့ကြုံရမဲ့ ဘေးအန္တရာယ်ကြီးမား ကျယ်ပြန့်လာမှုဟာ ပြည်သူကို ကူညီကယ်ဆယ်မဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေကအနေနဲ့ ရင်ဆိုင်ရာမဲ့ အန္တရာယ်တွေ ဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့လည်း တိုးတက်ဖြစ်ပေါ် ပြောင်းလဲလာတဲ့ ဘေးအန္တရာယ်တွေရဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ဖို့နဲ့ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း ကြစေလိုကြောင်း၊ မီးသတ်သမားကောင်း တစ်ယောက်မှာရှိရမယ့် ခိုင်မာတည်ကြည် ရဲဝံ့စွန့်စားတဲ့ စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာကြွယ်ဝမှုရှိဖို့ ကြိုးစားသွား ရမယ်ဆိုတဲ့ ရည်မှန်းချက်တို့နဲ့ ပြည်သူကိုအလုပ်ကျွေးပြုကြဖို့နဲ့ နိုင်ငံတကာမှာ ပြောင်းလဲ တိုးတက်နေတဲ့ မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြည်လည် အသုံးချနိုင်ဖို့ အားထုတ်ကြဖို့နဲ့ တစ်ဦးချင်းစီရဲ့ စွမ်းဆောင် ရည်မြင့်မားအောင် ကြိုးစားနေခြင်းဟာ တပ်ဖွဲ့တစ်ခုလုံးရဲ့ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ပါကြောင်းနှင့် အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်တဲ့ မီးဘေးနဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ မီးဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မီးငြိမ်းသက်ကိရိယာများနှင့် ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး မီးသတ် တပ်ဖွဲ့ဝင်များမှ သက်ကယ်စွမ်းရည် သရုပ်ပြသခြင်း၊ အဆင့်မြင့်မီးငြိမ်းသတ်ယာဉ်များဖြင့် သရုပ်ပြသခြင်းနှင့် သဘာဝ ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြသခြင်း များအား ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)