ငဖဲ မေ ၅
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်း ရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ဧက ၈၀၀ လျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၁၄၂၀ ဧကနှင့် နွေစပါးစိုက်ပျိုးရန်ဧက၂၀၀၀ လျာထားခဲ့ရာ ၉၅၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေသီးနှံအဖြစ် စပါး၊ ပဲ၊ ပြောင်း၊ မြေပဲ၊ နှမ်း များကို စိုက်ပျိုးလျက်ရှိရာ လယ်မြေများတွင် နွေစပါးစိုက်ပျိုးမှု ကုန်ကျစရိတ်ထက် နွေနှမ်းစိုက်ပျိုးမှု ကုန်ကျစရိတ်က ပိုမိုသက်သာပြီး နှမ်းဈေးကောင်းရရှိသောကြောင့် နွေနှမ်းသီးနှံကို ပိုမိုစိုက်ပျိုး ကြကြောင်း၊ မန်းချောင်း ရေလှောင်တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံဆည်တို့မှ ယခင်နှစ်က နွေစပါးစိုက်ပျိုးရန်အတွက် ဆည်ရေလုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိသဖြင့် နွေနှမ်းသီးနှံ စိုက်ပျိုးနိုင်ရန်အတွက်သာ ဆည်ရေပေးဝေနိုင်ကြောင်း၊ ယခုနှစ်တွင် အစိုးရ ဆည်များမှ နွေနှမ်းနှင့် နွေစပါး သီးနှံစိုက်ပျိုးရန် ဆည်ရေအလုံအလောက် ပေးဝေနိုင်ခဲ့ရာ ယခင်နှစ်ကထက် နွေနှမ်းသီးနှံများ ပိုမို စိုက်ပျိုး နိုင်ခဲ့ကြောင်းသိရသည်။
ယခုနှစ် နွေနှမ်းကို ကျေးရွာအုပ်စု(၁၈)အုပ်စုရှိ ကွင်းပေါင်း (၆၆)ကွင်းတွင် အစိုးရဆည်ရေဖြင့် စမုန်နက်နှမ်းမျိုး (၇၅၄)ဧက၊ ဆည်ငယ်၊ ကန်ငယ်၊ မြေအောက်ရေတို့ဖြင့် (၆၆၆)ဧက စုစုပေါင်း (၁၄၂၀)ဧကစိုက်ပျိုးပြီးစီးခဲ့ရာ လျာထားဧကထက် (၆၂၀)ဧက ကျော်လွန်စိုက်ပျိုးနိုင် ခဲ့ပြီး နွေစပါးကို ကျေးရွာအုပ်စု (၁၀)အုပ်စုရှိ ကွင်းပေါင်း(၂၄)ကွင်းတွင် အစိုးရဆည်ရေဖြင့် (၉၅၅)ဧက စိုက်ပျိုးပြီးစီးပြီး နွေသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် သက်ဆိုင်ရာကွင်းဝန်ထမ်းများက ကွင်းဆင်း ၍ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)