ထီးချိုင့် မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ကြံရာသီ၌ ဂရိတ်ဝေါလ် ဝေမာကုမ္ပဏီသကြားစက်မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် စတင်ကြိတ်ခွဲခဲ့ပြီး ယခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် အပြီးသတ်ကြိတ်ခွဲနိုင်ခဲ့ရာ နေ့စဉ်ပျမ်းမျှ ကြံတန်ချိန် (၇၅၀၀)တန်မှ (၈၀၀၀)တန်အထိကြိတ်ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ဂရိတ်ဝေါလ်ဝေမာကုမ္ပဏီအနေဖြင့် စုစုပေါင်းကြံတန်ချိန်(၅၉၉၄၁၅)တန်ကို ကြိတ်ခွဲနိုင်ခဲ့ပြီး အလားတူ မြို့နယ်အတွင်းရှိ မြတောင်သား သကြားစက်မှ တစ်ရက်ပျမ်းမျှ (၂၅၀)တန်နှင့် စုစုပေါင်းကြံတန်ချိန် (၂၄၅၀၀)တန်ကိုလည်းကောင်း၊ မြဘုရင်သကြားစက်မှ တစ်ရက်ပျမ်းမျှ (၃၀၀)တန်နှင့် စုစုပေါင်းကြံတန်ချိန်(၃၀၀၀၀)တန်ကိုလည်းကောင်း ကြိတ်ခွဲနိုင်ခဲ့ရာ သကြားထုတ်လုပ်မှုအနေဖြင့် ကြံ(၁၀)တန်ကြိတ်ပါက သကြားကုန်ချော (၁)တန်နှုန်းခန့်ထွက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ကြံစိုက်ရာသီတွင် ကြံစိုက်ပျိုးမှုဧက(၆၅၈၅၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကြံတန်ချိန်စုစုပေါင်း (၆၅၃၉၁၅)တန် ကြိတ်ခွဲနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)