အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အုတ်တွင်း မေ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီမှ အဖွင့်အမှာ စကားပြောကြားရာတွင် သင်တန်းသားများ အနေဖြင့် အုတ်စီခြင်း၊ ဆောက်ဖြတ်နည်းပညာများကို ကြိုးစားအားထုတ်၍ သင်ကြားခြင်းဖြင့် မိမိတို့ အသက်မွေး ဝမ်းကျောင်းအတွက် များစွာအကျိုးရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ဆက်လက်၍ သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများအား တာဝန်ရှိသူများမှ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းအား သင်တန်းသား (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြပြီး မေလ ၅ ရက် နေ့မှ မေလ ၂၄ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ခင်မူမူဝင်း(ပြန်/ဆက်)