ကျောက်ကြီးမြို့နယ် Community Centre ခန်းမ၌ ကမ္ဘာ့ကြက်ခြေနီနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း  (၃/၂၀၂၂)ဖွင့်လှစ်

ကျောက်ကြီး မေ ၅

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်းပြီး မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးပြုစု ခြင်း ( အခြေခံ)သင်တန်း  (၃/၂၀၂၂)အား သင်တန်းသား (၃၅)ဦးဖြင့် ဖွင့်လှစ်ခဲ့သည်။

 သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောက်ကြီးမြို့နယ်တွင် ရှေးဦးပြုစုခြင်းပညာ ပြန့်ပွားစေရန်နှင့် ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများအား ပြည်သူများ ပိုမိုသိရှိလာစေရန် မတော်တဆ ထိခိုက်မှုများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာစဉ် စနစ်တကျ တုံ့ပြန်ကူညီတတ်စေရန် အနာဂတ် ကြက်ခြေနီ လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်နှင့် အများ ပြည်သူများ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်၊ ကျန်းမာရေးအသိပညာများ မြှင့်တင်ရန်၊ ဘေးဒုက္ခ ကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့် အညီကူညီရန်၊ ရှေးဦးပြုစုခြင်းပညာ လူထုအတွင်းပြန့်နှံရန်၊ ကြက်ခြေနီသင်္ကေတအရေးပါမှုအား သိရှိရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သင်တန်း ဖွင့်ရခြင်းဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်သင်းက ပြောသည်။

ကျောက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် ကာလတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရှေးဦးပြုစုခြင်း ပညာတတ်မြောက်ထားသည့် စေတနာလုပ်အားရှင်များ ရှိနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဘေးများတွင် ပြည်သူလူထုနှင့် ထိခိုက်ခံစားရသူ ရှိသူများအား စနစ်တကျကူညီကယ်တင်နိုင်ရန်အတွက် စေတနာလုပ်အားရှင်စိတ်ရှိသူများ မြို့နယ်အတွင်း များပြားလာပါက မြို့နယ်အတွက်များစွာ အထောက်အကူရရှိနိုင်ရေး သင်တန်းပေးရခြင်း ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင် ကပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများမှ သင်တန်း သား သင်တန်းသူ (၃၅)ဦး တက်ရောက်ကြပြီး မေလ ၅ နေ့မှ ၈ ရက်နေ့ အထိ  မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ သင်တန်းနည်းပြများမှ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်