ဒေးဒရဲမြို့နယ် Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေးဒရဲ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုး တိုးတက်စေရေး၊ ဘဝအနာဂါတ်ရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ကြစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်ဦးစီမှူး ဒေါ်မြင့်မြင့်ခိုင်က ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူနယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဦးကျော်လွင်ထွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအား  ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများက ဒေးဒရဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်က ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များကို ဖတ်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကိုယ်ခန္ဓာ ကျန်းမာဖွံ့ဖြိုးရေး အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် သင်တန်းများဖွင့်လှစ်ပေးလျက် ရှိကြောင်း  သိရသည်။

အေဇာလင်း (ပြန်/ဆက်)