ကန့်ဘလူ မေ ၅
မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည်နှင့်အညီ ယင်းတို့ရေရှည် တည်တံ့စေရန်နှင့် သဘာဝဂေဟစနစ်များ အမြဲရှင်သန်ကောင်းမွန်စေရန် မူဝါဒဥပဒေများ ပြဌာန်း၍ ထိန်းသိမ်းကာကွယ် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်နှင့် ကောလင်းမြို့နယ်ရှိ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အင်တိုင်းတောဂေဟစနစ် အတွင်း ကျရောက်ရှင်သန်ကျက်စားလျက်ရှိသော ဌာနေငှက်မျိုးစိတ်များ ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားတတ်သော ဆောင်းခိုငှက်မျိုးစိတ်များအပါအဝင် ဌာနေဇီဝမျိုးစုံမျိုကွဲများနှင့် မြန်မာ့ရွှေသမင်များကို အဓိကထိန်းသိမ်း ကာကွယ် လျက်ရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နှင့် ကောလင်းခရိုင် ကောလင်းမြို့နယ် တို့အတွင်း တည်ရှိပြီး ကန့်ဘလူမြို့နယ်တွင် ၂၁၉၀၈ ဧကနှင့် ကောလင်းမြို့နယ်တွင် ၄၂၃၅၆ ဒသမ ၄၂ ဧကပါဝင်ကျရောက်လျက်ရှိပြီး ကမ္ဘာတွင် မြန်မာနိုင်ငံ၌သာ ရှင်သန်ကျက်စားပြီး မျိုးသုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြန်မာ့ရွှေသမင်နှင့် ၎င်းမှိခိုတောများကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝဝန်းကျင်ရေမြေ အပါအဝင် အခြားဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တည်တံ့ရေးနှင့် အင်တိုင်းတောဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဌာနတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်ရန်၊ သဘာဝ ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရပ် မြှင့်တင်ရေး သုတေသနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝအခြခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရရှိရန် စသည့်ရည်ရွယ်ချက်များချမှတ်၍ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ထိန်းသိမ်းကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘေးမဲ့တောအတွင်း မြန်မာနိုင်ငံ၌သာတွေ့ရသော မြန်မာ့ရွှေသမင်မျိုးစိတ်၊ ရှားပါးငှက်မျိုးစိတ် (၆) မျိုးနှင့် တွားသွား မျိုးစိတ်(၁)မျိုးတို့ ရှင်သန်ကျက်စားကြောင်းသိရပြီး ငှက်မျိုးစိတ်(၆)မျိုးမှာ ငှက်မင်းသားဗိုက်ဖြူ၊ နဖားကြူးမြီးဝိုင်း၊ ချိုလည်ရစ်၊ ဗွတ်မွဲ၊ မြန်မာဘီလုံး၊ စွေ့တို့ ဖြစ်ပြီး တွားသွားမျိုးစိတ်(၁)မျိုးမှာ စင်းချောလိပ်ဖြစ်၍ စုစုပေါင်း ဒေသရင်း မျိုးစိတ် (၈)မျိုးအထိ တွေ့ရှိရ သည့်အပြင် မျိုးသုဉ်းရန် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် စပါးကြီး မြွေ၊ စပါးအုံးမြွေနှင့် ဆောင်းခိုငှက်များ၊ သစ်တောငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲပေါင်း (၇၈၇) မျိုးထိ မှတ်တမ်းတင်ထားနိုင်သည့် ဘေးမဲ့တောဖြစ်ကြောင်း ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံမှ သိရသည်။
ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်ပေါင်း (၁၀၄၇၃) မျိုးရှိပြီး မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း (၁၁၁၆) မျိုး တွေ့ရှိ မှတ်တမ်းတင်ထားနိုင်ခဲ့၍ အရှေ့တောင်အာရှတွင် ငှက်မျိုးစိတ်ပေါကြွယ်ဝမှုအများဆုံး တွေ့ရှိရသည့်နိုင်ငံဖြစ်ကြောင်း သိရသည်။ ချပ်သင်းဘေးမဲ့တောတွင် ငှက်မျိုးစိတ်ပေါင်း (၂၆၂) မျိုး တွေ့ရှိရပြီး မြန်မာနိုင်ငံတွင်းသာ တွေ့ရှိရသည့် ငှက်မျိုးစိတ်ခြောက်မျိုးနှင့်မျိုးသုဉ်းရန် ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ်များတွေ့ရှိရခြင်းသည် ချပ်သင်းဘေးမဲ့တော၏ အဖိုးထိုက်တန်သော သယံဇာတ များရှိနေသည်ကို တွေ့ရမှာဖြစ်သည်။
ဘေးမဲ့တောတွင် မှတ်တမ်းတင်ထားသော ငှက်မျိုးစိတ်များမှာ (၂၆၂) မျိူးမှာ သစ်တောငှက်မျိုးစိတ် (၂၂၃) မျိုး၊ ရေငှက်မျိုးစိတ် (၃၉) မျိုးတို့ဖြစ်ပြီး ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသည့် ဆောင်းခိုငှက်မျိုးစိတ် (၃၀) မျိုး ပါဝင်နေ ကြောင်း တွေ့ရှိရသည်။
၎င်းဆောင်ခိုငှက်မျိုးစိတ်(၃၀)မျိုးမှာ ဇင်ယော်၊ ရေညှောင့်၊ စနိုက်၊ တစ်တီတူး၊ တောငန်းရိုင်း၊ သောင်းတင်၊ ဟင်္သာစသည့် ရေငှက်မျိုးစိတ်(၁၁)မျိုး ပါဝင်နေပြီး စာဖြူ၊ မိုးဆွေငှက်၊ ငှက်တစပ်၊ မြီးညှောင့်၊ သစ်တောက်လည်လိမ်၊ မြီးညှောင့်ခေါင်းမွဲ၊ တောရှိုးမ စသည့် သစ်တောငှက်မျိုးစိတ် (၁၉) မျိုးတို့ဖြစ်ပြီး ချပ်သင်းဘေးမဲ့တောအတွင်းရှိ ကျေးအင်းရေဝပ်ဒေသတွင် ဆောင်းရာသီကာလ ဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ ဆောင်းခိုငှက်များ လာရောက်ကျက်စားကြကြောင်းနှင့် မျိုးစိတ်နှင့် အကောင်ရေ လအလိုက်ကျက်စားမှု အခြေအနေ အနည်းငယ် ကွဲပြားသော်လည်း ကျက်စားမှုကောင်းစွာ နှစ်စဉ်ကျက်စားလျက်ရှိကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ လစဉ်ငှက်စာရင်း ကောက်ယူမှုမှတ်တမ်းများအရ သိရသည်။
ချပ်သင်းဘေးမဲ့တောအတွင်းရှိ ကျေးအင်းရေဝပ်ဒေသသည် မိုးရာသီကာလတွင် ဧက (၁၀၀၀)ခန့် ကျယ်ဝန်းပြီး ဆောင်း ရာသီကာလတွင် ဧက ၄၀၀ခန့်၊ နွေရာသီကာလတွင် ဧက (၃၀၀)ခန့် ကျယ်ဝန်းသည့်ရေဝပ်ဒေသတစ်ခု ဖြစ်သည်။
ဘေးမဲ့တောအတွင်း ရာသီအလိုက်ရွှေ့ပြောင်းကျက်စားသည့် ငှက်များလေ့လာနိုင်ခြင်း၊ လှေစီး အပန်းဖြေနိုင်ခြင်း၊ တောတွင်းလမ်းလျှောက်လေ့လာနိုင်ခြင်း၊ စက်ဘီးဖြင့်လေ့လာနိုင်ခြင်း၊ အခြား ဇီဝမျိုးစုံမျိုးကွဲများ လေ့လာခြင်းတို့ ဆောင်ရွက်နိုင်ပြီး ညအိပ်လေ့လာတည်းခိုနိုင်သည့် လူ ၂၀ ဦး တည်းခိုနိုင်သော တောတွင်းဧည့်ရိပ်သာ အဆောက်အဦများ ရှိကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး ကတိကဝတ်များအရ ကမ္ဘာ့ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသော ငှက်များထိန်းသိမ်းကာကွယ်ရန်အလို့ငှာ ကျေးအင်းရေဝပ်ဒေသသည်လည်း ထိန်းသိမ်း ကာကွယ်ရမည့် နယ်မြေတစ်ခုဖြစ်သည်။ ကျေးအင်းရေဝပ်ဒေသတွင် ရာသီအလိုက်ရွှေ့ပြောင်းကျက်စားသော ဆောင်းခိုငှက်မျိုးစိတ်များသည် ကမ္ဘာ့မြောက်ပိုင်း ဒေသများတွင် ပေါက်ပွားကျက်စားသော ငှက်မျိုးစိတ်များဖြစ်ပြီး ဆောင်းရာသီတွင် ဆီးနှင်းများ ကျရောက်သဖြင့် နှင်းများထူထပ်စွာဖုန်းလွှမ်းခြင်းများ ဖြစ်ပေါ်နေသောကြောင့် အစာ ရရှိရန် ခက်ခဲခြင်းနှင့် နေ့တာတို၍ ညတာရှည်ပြီး နေရောင်ခြည်ရရှိမှုနည်းပါးခြင်း၊ အအေးဓာတ်လွန်ကဲခြင်း တို့ကြောင့် ၎င်းတို့ အသက်ရှင်သန်နေထိုင်ရေးတို့အတွက် အစားအစာလွယ်ကူစွာ ရရှိနိုင်မည့် ရာသီဥတုပူနွေးသော ကမ္ဘာ့တောင်ပိုင်း ဒေသများသို့ ပြောင်းရွှေ့ပြီး ယင်းတို့၏ ပျံသန်းရာ လမ်းကြောင်းအတိုင်း နှစ်စဉ်ပုံမှန်ပျံသန်း ကျက်စား နေထိုင်ကြကြောင်း သိရသည်။
ငှက်သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသည့် ဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း (၉) ကြောင်းရှိသည်ဟု သိရပြီး ဆိုက်ဗေးရီးယားမှ အရှေ့ တောင်အာရှ နှင့်တောင်အာရှဘက်သို့ ရွှေ့ပြောင်းကျက်စားသည့် အာရှဗဟိုပျံသန်းရာလမ်းကြောင်း (Central Asia Flyway) ဖြင့်လည်းကောင်း၊ ရုရှားအရှေ့ပိုင်းနှင့် အလက်စတားမှ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ရွှေ့ပြောင်း ကျက်စားသည့် အရှေ့အာရှ ဩစတြေးလျ ပျံသန်းရာလမ်းကြောင်း (East Asia Australian Flyway) ဖြင့် လည်းကောင်း ဆောင်းခိုငှက်များသည် နှစ်စဉ်မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ လာရောက်ကျက်စားနေထိုင်လျက်ရှိရာ ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောရှိ ကျေးအင်းရေဝပ်ဒေသ အပါအဝင်ဖြစ်ကြောင်း သိရသည်။
ရာသီအလိုက်ရွှေ့ပြောင်းသော ငှက်နှင့်အခြားငှက်မျိုးများသည် သွေးနွေးသတ္တဝါများဖြစ်ပြီး ဥမှအကောင်ပေါက်ပြီး အများစုသည် (ဇွန်၊ ဇူလိုင်၊ ဩဂုတ်) လများတွင် သားပေါက်ကြကာ တစ်ချို့ငှက်များသည် မျိုးပွားချိန်နှင့် မိတ်လိုက် ရာသီကာလများတွင် မူလအရောင်အတိုင်းမဟုတ်ဘဲ အရောင်အသွေးများပြောင်းလဲ တတ်ကြသည်။ ငှက်မျိုးစိတ်များ သည် သက်ရှိသက်မဲ့များ တစ်ခုကိုတစ်ခု အမှီပြုနေသော ဂေဟစနစ်များတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပြီး ငှက်များမှ စိုက်ခင်းသီးနှံများတွင် ကျရောက်သည့် ပိုးမွှားအန္တရာယ်များကို ရှင်းလင်းပေးခြင်း၊ အပုတ်အသိုး များကို ရှင်းလင်းသုတ်သင်ပေးခြင်း၊ ဝတ်မှုံကူးပေးခြင်း၊ မျိုးစိတ်များဖြန့်ကျဲပေးခြင်းနှင့် ကြွက်များကို ရှင်းလင်းပေး ခြင်းဖြင့် လူများအတွက် အကျိုးပြုလျက်ရှိကြောင်းသိရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ကျရောက်ရှင်သန် ကျက်စားလျက်ရှိသော ငှက်မျိုးစိတ်များ၊ ရာသီအလိုက်ပြောင်းရွှေ့ကျက်စားတတ်သော ငှက်မျိုးစိတ်များ၏ ပေါများလာမှု၊ ရှားပါးလာမှုကို လအလိုက်၊ နှစ်အလိုက် သိရှိနှိုင်းယှဉ်သုံးသပ်နိုင်ရန်အတွက် ငှက်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ငှက်များမှတောအမျိုးအစားအလိုက် ရွေးချယ်ကျက်စားမှု အခြေအနေများအား သိရှိနိုင်ရန်၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်သော ငှက်မျိုးစိတ် စာရင်း များကို သိရှိမှတ်တမ်းတင်နိုင်ရန်၊ သုတေသနလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်၊ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရာသီအလိုက် ပြောင်းရွှေ့ကျက်စားလျက်ရှိသော ဆောင်းခိုငှက်များ အပါအဝင် ရှင်သန်ကျက်စားလျှက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဘေးမဲ့တော ရေရှည်တည်တံ့စေရေးအတွက် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသများပြန်လည် တည်ထောင်ခြင်း၊ ဒေသခံပြည်သူများအား ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကင်းလှည့်ထိန်းသိမ်းခြင်း စသည့်ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဘေးမဲ့တောမှ စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)