ဓနုဖြူ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က လေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ချိုဦး၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်တို့က လေဘေးသင့်နေအိမ် (၃၃၅)လုံးအနက် ပြိုကျနေအိမ် (၄၈)လုံးအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁)သိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး (၁)ပုံးစီ ထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်း ထောက်ပံ့ငွေသား (၄၈၀၀၀၀၀)နှင့် ပစ္စည်းတန်ဖိုး (၂၂၀၉၇၂၈)တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အမိုးလန်နေအိမ် (၂၈၇)လုံးအတွက် ထပ်မံထောက်ပံ့ပေးအပ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)