ဝါးခယ်မ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်နှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။
ယင်းနောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ သတိပြုရမည့် အပူဒဏ်အန္တရာယ်များဖြစ်သော ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ နုံးချိပျော့ခွေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းများ ဖြစ်ပေါ်လာပါက အရေးပေါ်ရှေ့ဦးပြုစုနည်းဖြစ်သော လူနာကို အရိပ်ရအေးမြသောနေရာသို့ ရွေ့ထားခြင်း၊ လေပန်ကာ လေအေးပေစက် ဖွင့်ထားခြင်း(သို့) ယပ်ခတ်ခြင်း၊ လူနာ၏ ခြေရင်းဘက်ကို မြင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားခြင်း၊ လူနာ၏ အဝတ်အစားများကိုချွတ်၍ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဘက်တို့ကို ရေပတ်တိုက်ခြင်း၊ လူနာကောင်းကောင်းသတိရပါက ရေအေးအေး(သို့) ဓာတ်ဆားရေတိုက်ခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့် လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ရှင်းပြောကြားခဲ့ပြီး ကလေးသူငယ်များမှ စိတ်ဝင်တစား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)