ချမ်းအေးသာစံ မေ ၅
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေလွှာများ စစ်ဆေးပေးခဲ့သည့် ဆရာဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ မဟာအောင် မြေမြို့နယ်ရှိ ရတနာပုံခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားအား မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက် (၉) ရပ်တွင်ပါရှိသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေး ကို အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အခမ်းအနား သည် တက္ကသိုလ်စာမေးပွဲလုပ်ငန်းများတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာမှ ဆရာဆရာမ များ ပူးပေါင်း၍ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ပြီးစီးမှုအပေါ် ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ စာမေးပွဲစာဖြေလွှာများကို တာဝန်ဆိုသည့် အသိစိတ်ဓာတ်ဖြင့် မေးခွန်းပြုစုချိန်မှ အောင်စာရင်းထွက်သည်အထိ ဆောင်ရွက်ခဲ့ကြသည့်အတွက် အထူးလေးစားဂုဏ်ယူမိပါကြောင်း၊ ဆရာ ဆရာမများသည် တိုင်းပြည်၏ တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ်များ ဖြစ်သကဲ့သို့ တိုင်းပြည်တိုးတက်ရန်အတွက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးကြသူများ လည်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးကြသူများလည်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေခံပညာသင်ကျောင်းပေါင်း (၄၇၇၆၀) ကျော်ရှိပြီး နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံ သည် ပညာမသင်ကြား သူများဖြစ်ခြင်းကြောင့် ပညာရေးမြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာနှင့် အသိပညာရရှိရန် လွယ်ကူမည်ဖြစ်သဖြင့် ပညာသင်ကြားမှုသည် လူတစ်ဦးအတွက် မဖြစ်မနေ အရေးကြီးသည့် လိုအပ်ချက်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတိုးတက်အောင် လုပ်ဆောင်ရာ တွင် ပညာရေးသည် အဓိကကျကြောင်း၊ တိုးတက်သော နိုင်ငံတိုင်းသည် ပညာတတ်များ ပေါများသကဲ့သို့ ပညာတတ်များ ပေါများသည့် နိုင်ငံသည် တိုးတက်ပါကြောင်း၊ ယခုလာမည့် စာသင်နှစ်တွင် ရာနှုန်းပြည့်ကျောင်းတက်ရောက် နိုင်ရေး အလေးထား ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က စာမေးပွဲစာဖြေလွှာများ စစ်ဆေးရာတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ ဆရာမ၊ ပညာရေး ဝန်ထမ်း (၂၀၄၉) ဦးအတွက် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပြီးနောက် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာသော ဆရာဆရာမများက ပြန်လည်ကပြ သီချင်း ဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ပြီး ဆရာဆရာမများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့မှ ဆရာ ဆရာမများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်