ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လနှင့်အထက်၊ အသက်(၅၀)နှစ်ပြည့်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်တွင် သတ်မှတ်အုပ်စုများအလိုက်၊ ရဟန်း၊ သံဃာများနှင့် ပြည်သူများအား စည်းရုံးခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း၊ ရောဂါအခံ ရှိ၊မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

အဆိုပါ ကိုဗစ်_၁၉ ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆေးထိုးနှံရန် လာကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ပုံမှန်အနေအထားရှိသူများကိုသာ ဆေးထိုးပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အောင်မြင့်