ကျောက်တံခါး မေ ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၆၄) စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကြာအင်းကုန်းကျေးရွာနှင့် သံပုရာခုန်ကျေးရွာတို့အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်မင်းထက်က လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်ပြီးရှင်းလင်း ပြောကြားသည်။
ထိုနောက် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) အုပ်စုတွင် အိမ်ထောင်စု (၆၄) စုမှ လုံးဝပျက်စီးနေအိမ် (၁၁) လုံးနှင့် တစ်စိတ်တပိုင်းပျက်စီးအိမ်ခြေ (၅၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၃၈၈၀၀၀၀)၊ အိမ်ထောင်စု (၆၄) စုမှ လူဦးရေ (၃၀၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၄၆၈၀၀)၊ စုစုပေါင်းကျပ်သိန်း (၄၅၂၆၈၀၀) ကျပ်နှင့် လုံဝပျက်စီးနေအိမ် (၁၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံ (၁၇) မျိုးပါ ပုံး (၁) ပုံးစီကို လေဘေးသင့် ပြည်သူ့လက်ဝယ်သို့ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လေဘေးသင့် အိမ်ထောင်စုပြည်သူများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ တတ်ရောက်ကြကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)