ဝိုင်းမော်မြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းနှင့် မုန့်မျိုးစုံလုပ်နည်းသင်တန်း ဆင်းပွဲကျင်းပ

ဝိုင်းမော် မေ ၄

လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကြီးမှူး၍ အခြေခံစက်ချုပ်သင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဆွတ်ကြိုင်ကျေးရွာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း ဦးစီးအရာရှိ ဒေါ်နှင်းနှင်းအေးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး အခြေခံစက်ချုပ်သင်တန်းကို ဧပြီ ၄ ရက်မှ မေ ၄ ရက်အထိ ၁ လကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် လက်အခြေခံ/ စက်အခြေခံချုပ်နည်း ဘာသာရပ်၊ သင်္ဘောသားအင်္ကျီ၊ စကပ်၊ ထဘီချုပ်နည်း ဘာသာရပ်များကို စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသို့ ဆွတ်ကြိုင်ကျေးရွာမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့သည်။

အလားတူ မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်းကို ဧပြီ ၃၀ ရက်မှ မေ ၄ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်ပြီး သင်တန်းတွင် ငှက်ပျော ဆနွင်းမကင်း၊ အာလူး ဆနွင်းမကင်း၊ ရွှေကျီ ဆနွင်းမကင်း၊ ကျောက်ကျောပြုလုပ်နည်းနှင့် ငါးခေါက်ဆွဲချက်နည်း ဘာသာရပ်များကို သင်တန်းသူ ၃၁ ဦးဖြင့် လက်တွေ့သင်ကြားပေးခဲ့ကာ အဆိုပါ သင်တန်းများကို လူမှုဝန်ထမ်းဦးစီးဌာနမှ အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ဝိုင်းမော်(ပြန်/ဆက်)