ပူတာအို မေ ၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း နိုင်ငံတော်မတည် ငွေများဖြင့် ဆောက်လုပ်ခဲ့သော ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ကျေးရွာစာကြည့်တိုက်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို မေ(၃)ရက် နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျေးရွာစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ကျေးရွာစာကြည့်တိုက် ကော်မတီများ၊ ကျေးရွာစာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာနေသော လူငယ်လူရွယ်များနှင့် တွေ့ဆုံကာ စာကြည့်တိုက် ရှင်သန်ခိုင်မာရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် အားလပ်ချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများသည် ပူတာအိုမြို့နယ်အတွင်း နိုင်ငံတော်မတည်ငွေ (၁၀)သိန်းဖြင့် ဆောက်လုပ်ခဲ့သော ပူတာအို-ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်းပေါ်ရှိ မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာ၊ ဖုန်ကန်ရာဇီစာကြည့်တိုက်နှင့် ပူတာအို-ကောင်းမှုလုံသွားလမ်းပေါ်ရှိ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ပင်စင်ကျေးရွာ၊ အိုရိန်စာကြည့်တိုက်တို့တွင် ကွင်းဆင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)