ချမ်းမြသာစည် မေ ၄
ဉာဏ်ရည် ဉာဏ်သွေး ပြည့်၀၍ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ် စေရန်၊ နွေရာသီ ကျောင်းပိတ်ရက်ရှည်အတွင်း အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင် က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်မှူး ဒေါ်ခင်မာဦးက ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့နယ်စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှု လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း