ပြင်ဦးလွင် မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက် နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသော ပြင်ဦးလွင်မြို့နယ် ပန်းဦးတောင်ကျေးရွာအုပ်စု၊ ပန်းဦးတောင်ကျေးရွာနှင့် အုတ်ဖိုကျေးရွာ၊ စိုးမိုးအိုင် ကျေးရွာအုပ်စု ၊ ရွှေကျားကျေးရွာတို့မှ ပြည်သူများနှင့် ထိခိုက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများက လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသည့် နေအိမ်တစ်လုံး၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် ခုနှစ်လုံး၊ အိမ်ထောင်စုခုနှစ်စုတို့မှ လူဦးရေ (၂၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၆၄၀,၀၀၀/-) ၊ ဆန်ရိက္ခာဖိုးငွေကျပ် (၅၄,၆၀၀/-)၊ သေဆုံးသူတစ်ဦးအတွက် (၃၀၀,၀၀၀/-) ၊ ဒဏ်ရာရသူနှစ်ဦးအတွက် (၁၀၀,၀၀၀/-)ဖြင့် ရန်ပုံငွေစုစုပေါင်းကျပ် (၁,၀၉၄,၆၀၀/-) နှင့် ပြိုကျအိမ်ထောင်စု တစ်စုစာအတွက် (၄၉၀၃၆) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးတို့အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ ပြင်ဦးလွင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ်မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လေဘေးသင့်ပြည်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)