တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား  မေ  ၄

 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုး သူများအသင်း (Women Club) အဖွဲ့များ ပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ရှိန်မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာနတ်ရှင်(ရွှေဂူ)ရေးသားသည့် “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “အနာဂတ်ကိုမျှော်တွေးပါ”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူရယ်လို့ဖြစ်လာလျှင် ဘဝရပ်တည်ရှင်သန်ရေးအတွက် အလုပ်တစ်ခုကို မဖြစ်မနေလုပ်ကြရကြောင်း၊ မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသော အရေးကိစ္စများအတွက် ဘဝမှာ အထက်တန်းကျကျ နေထိုင်နိုင်ရန် ပြည့်ပြည့်စုံစုံရှိဖို့ ရှာ‌‌ဖွေ ကြိုးစားရကြောင်း၊ ကိုယ့်ရဲ့လုပ်ရပ်များသည် အနာဂတ်အတွက် ပြင်ဆင်ခြင်းဖြစ်သော်လည်း ရိုးသားမှုနှင့် သမ္မာအာဇီဝ နည်းလမ်းကျ သင့်ကြောင်း၊ ကိုယ်လျှောက်ရမည့် အနာဂတ်ကိုမျှော်တွေးပြီး ပစ္စုပ္ပန်တွင် အသိ၊ ဉာဏ်၊ ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာစိတ်ဖြင့် ရိုးသားစွာ အလုပ်လုပ်သင့်ကြောင်း၊ ရိုးသားကြိုးစားပြီး အောင်မြင်သောဘဝကို တည်ဆောက်နိုင်ခြင်းသည် မွန်မြတ်သန့်စင်ကြောင်း၊လူသားဆန်သော လုပ်ရပ်များကိုသာ ရွေးချယ် လုပ်ကိုင်သင့်ကြောင်း ဆွေးနွေးခဲ့ပြီးနောက် (Women Club) အဖွဲ့ဝင် ဒေါ်ဝေဝေလွင်မှ “ကျေးဇူးတင်တတ်ဖို့ လိုပါတယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊(Women Club) အဖွဲ့ဝင် ဒေါ်ဝါဝါထွန်းမှ “စံပြလူသားဖြစ်ဖို့လိုပြီ”ခေါင်းစဉ်ဖြင့် လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှလည်း ဝိုင်းဝန်းဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ် ခဲ့ကြကြောင်း သိရသည်။

 မိုးဖြူလွင်