ရှမ်းရွာသစ်မြို့တွင် သဘာဝပျားရည်စစ်စစ် ဈေးကောင်းရရှိ၍ ဒေသနေပြည်သူများ အဆင်ပြေ

ရှမ်းရွာသစ် မေ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင် သဘာဝပျားရည်စစ်စစ် ရောင်းချသည့်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်းကြောင့် ယခုနှစ်တွင် ဈေးကောင်းရရှိကြောင်းလည်းသိရသည်။ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့် နေရာများမှ အမြင့်ပေ (၈၅)ပေမှ (၁၀၀)ပေခန့်ရှိ သစ်ပင်ကြီးများတွင် စွဲနေသည့် ပျားအုံများတွင် တွေ့ရှိရပြီး ၎င်းပျားအုံများကို နှစ်စဉ် ဆောင်းစပါးရိတ်သိမ်းပြီးချိန် ဖေဖော်ဝါရီလမှ မတ်လအတွင်း ဒေသနေ ပြည်သူများက တစ်ပိုင်တစ်နိုင် ပျားဖွတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။

ပျားရည်များကို ယခင်နှစ်ထက်ဈေးကောင်းရရှိပြီး တစ်ပုလင်းလျှင် ကျပ်(၈၀၀၀)မှ (၁၀၀၀၀)ကျပ် ထိ ရရှိကြောင်း၊ မဲတောခီးကျေးရွာ၊ ဘောဘောခီးကျေးရွာ၊ တဝိထကျေးရွာ၊ ပရေကျေးထကျေးရွာနှင့် အောက်တောကစကျေးရွာများမှ အများဆုံးပျားဖွတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း၊ ပျားဖွတ်ပြီး ရရှိလာသည့် သဘာဝပျားရည်စစ်စစ်များကို မိမိတို့အိမ်တွင် သုံးစွဲရန်အနည်းငယ်သာ ချန်ထားလေ့ရှိပြီး အပိုဝင်ငွေရရှိရန်အတွက် ရှမ်းရွာသစ်မြို့အနီးရှိ ကျေးရွာများနှင့် လှိုင်းဘွဲမြို့နယ်တို့တွင် သွားရောက်ရောင်းချရကြောင်း၊ ယခုအချိန်သည် သဘာဝပျားရည်စစ်စစ်ရောင်းချသည့် အချိန်ဖြစ်သောကြောင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း၊ သဘာဝပျားရည်စစ်စစ် ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)