ကမမောင်းမြို့၌ သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ထည့်သွင်းခြင်းတောင်သူ အသိပညာပေး

ကမမောင်း မေ ၄

စိုက်ပျိုးလုပ်ကိုင်တောင်သူဦးကြီးများ၏ သဘာဝလယ်ယာမြေများ၌ ဓာတ်မြေဩဇာများ ထည့်သွင်းသုံးစွဲမှုများပြားလာမှုကြောင့် သဘာဝမြေလွှာ မြေဆီ၊ မြေနှစ်များ လျော့နည်းခမ်းခြောက်လာမှုကြောင့် စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း ကျဆင်းလာနိုင်သဖြင့် မိမိတို့၏လယ်ယာမြေများအား ပြန်လည်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း တိုးတက်ကောင်းမွန် လာစေရေးအတွက် သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး ဆောင်ရွက်ခြင်းကို ညနေ(၄)နာရီအချိန်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ မီးဇိုင်းကျေးရွာရှိ တောင်သူဦးစိုးလှိုင်၏ မြို့မစံပြစိုက်ကွင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ တောင်သူအသိပညာပေး သဘာဝသစ်စိမ်းမြေဩဇာ ထည့်သွင်းကြဲပက်ခြင်း၌ ဖာပွန်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က တောင်သူများအား စိုက်ပျိုးသီးနှံများအား အဆင်ပြေစွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး အခက်အခဲများနှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက် ပေးနိုင်မည့်အခြေအနေများအရ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။ ထို့နောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကို မှန်ကန်သော မျိုးစေ့နှုန်းထားသုံးတတ်စေခြင်း (ပိုက်ဆံလျှော်)ကြဲပြီးသက်တမ်း(၄၅) ရက်သာ ပန်းစပွင့်ချိန်တွင် ထယ်ထိုးမြေမြှုပ်နှံခြင်းဖြင့် မြေတွင်းမှ သြဂဲနစ်မြေသြဇာတိုးတက်၍ မြေဆီဓာတ်ဖွဲ့ဖြိုးတိုးတက်ရေးအကြောင်းများကို တောင်သူများအား အသိပညာပေးဟောပြောပေးပြီး တက်ရောက်လာသော တောင်သူဦးရေ(၂၅)ဦးမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီးနောက် အဆိုပါမြို့မစံပြစိုက်ကွင်း၌ သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုး စေ့အား ကွင်းအတွင်းသို့ စုပေါင်းကြဲပက်ပြီး မြေမြှပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်တင်လှ(ကမမောင်း၊ ပြန်/ဆက်)