စဉ့်ကူး မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် စည်ပင်သာယာခန်းမနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာနတို့တွင် ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ (ရိုတာကာကွယ်ဆေး)နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို စဉ့်ကူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်သိန်းဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကာကွယ်ဆေး မထိုးနှံရသေးသော ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့်တိုက်ကျွေးခြင်းကို မေလ ၂ ရက်မှယနေ့ထိ ၃ ရက်ကြာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)