မလှိုင် မေ ၄
၂ဝ၂၂ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့ဆေးရုံဝင်း အတွင်း/ အပြင်၌ ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါနေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂ဝ) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ မလှိုင်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင်၌ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ဆေးရုံလူနာဆောင်များနှင့် ခန်းမအတွင်း မီးသတ်ရေပိုက်များဖြင့် ဆေးကြောပေးခြင်းများကို ပျော်ပျော်ပါးပါး ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဇော်ဝင်းနှင့် သူနာပြုဆရာမများက လိုက်လံအားပေးကြည့်ရှု ခဲ့ပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)