ကျိုက်ဒုံ မေ ၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၄ ရပ်ကွက်၌ ပြည်သူများအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် (omicron)ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ် ကွေးနှင့်အုပ်၍ ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် စသည့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)